car-brake

ကားဘရိတ် ချို့ယွင်းမှုများအကြောင်း တစေ့တဆောင်း


Articles, Posts May 11, 2021 1:57 pm

ယာဉ်တိုက်မှုဖြစ်စဉ်တိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှုတွေမှာ ကားဘရိတ်ချို့ယွင်းမှုများလည်း ပါဝင်ပါတယ်… အခုလို မိုးရာသီလိုမျိုးမှာ ကားမောင်းမယ်ဆိုရင် ဖြည်းဖြည်းမှန်မှန်သာ မောင်းသင့်ပြီး အရှိန်ကိုလျှော့ကာ ရှေ့ကားနှင့်ခပ်ခွာခွာ မောင်းနှင်သင့်ပါတယ်…

(၁) တဖက်ဆွဲခြင်း
ကားကို တစ်နာရီ ၂၀ မိုင်အထက် မောင်းနှင်ရင်း ရပ်တန့်ဖို့ ဘရိတ်နင်းလိုက်တဲ့အခါ ကားဘီးတွေက တခြားဦးတည်ရာဘက်ကို ဆွဲသွားတာမျိုးပါ… ဘရိတ်နင်းလိုက်ရင် ကားကို ဆန့်ကျင်ဘက်အရပ်ဆီကို ဆွဲသွားစေတာဖြစ်ပြီး အဲသည်အချက်က ဘရိတ်ရဲ့ ဟိုက်ဒရောလစ်စနစ်မှာ ပြဿနာရှိနေပြီဆိုတာကို သတိပေးနေတာပါ…

(၂) အသံမြည်ခြင်း
ဘရိတ်နင်းလိုက်တဲ့အချိန် ဘရိတ်စနစ်တွေဆီက ပြင်းထန်တဲ့ တဂျစ်ဂျစ်မြည်သံ ဒါမှမဟုတ် တကျွီကျွီမြည်သံတွေ ကြားရရင်တော့ ဘရိတ်စနစ်မှာ ပြဿနာရှိနေပြီဆိုတာကို ညွှန်ပြနေတာဖြစ်ပါတယ်…

(၃) ဘရိတ်ဆီလျော့နည်းခြင်း
ဘရိတ်ကို ပုံမှန်ဖိနင်းလိုက်တဲ့အခါ Piston ရဲ့ တွန်းအားနဲ့ Rotor ကို တဖန်ပုံမှန်လှုပ်ရှားနိုင်ဖို့ ဘရိတ်ဆီကို ပိုမိုဆွဲယူရပါတယ်… ဘရိတ်ဆီ လိုအပ်တာထက် လျော့နည်းနေပြီဆိုရင် ဘရိတ်စနစ်မှာ ပြဿနာတစ်ခုခုရှိနေလို့ပါ… ဘရိတ်ဆီ အသုံးပြုတဲ့အခါမှလည်း သတ်မှတ်တဲ့ ပမာဏပြည့်မီဖို့နဲ့ သတ်မှတ်တဲ့ အရည်အသွေး ပြည့်ဝဖို့လည်း လိုအပ်ပါတယ်…

(၄) Brake Power Boost Unit ပြဿနာ
ကားရဲ့ Brake Power Boost Unit ချွတ်ယွင်းတဲ့အခါ ဘရိတ်ကို ပုံမှန်ထက်ပိုပြီး ဖိနင်းရပါတယ်… ဒါကြောင့် ဘရိတ်ကို ပုံမှန်ထက်ဖိနင်းရတဲ့ ပြဿနာဖြစ်လာပြီဆိုရင် Brake Power Boost Unit ကို စစ်ဆေးဖို့လည်း လိုအပ်သလို ဘရိတ်ဆီညစ်ညမ်းမှုရှိမရှိလည်း စစ်ဆေးရပါမယ်…

(၅) Drift ပြဿနာ
ဘရိတ်ကို အသုံးပြုတဲ့အခါ တဖက်ဆွဲသွားတာ၊ တုန်ခါတာတွေက Brake Discs ချွတ်ယွင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်… ဒါကြောင့် Brake Discs တွေကို စစ်ဆေးပြီး တစ်ခုဖြစ်စေ၊ အားလုံးဖြစ်စေ ပျက်စီးမှုအလိုက် အသစ်လဲလှယ်ပေးရပါမယ်…

ကားမမောင်းခင် ကားဘရိတ်ကို ကောင်းမကောင်းစစ်ဆေးပြီး မောင်းနှင်ရင်း ဘရိတ်ကို နင်းလိုက်တဲ့အခါ ပုံမှန်အတိုင်း ရပ်တန့်တာမျိုး ရှိမရှိကိုလည်း သတိထားပြီး စစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်…

“ တိကျမြန်ဆန် ယမ်းအာမခံ ”